` ဿ ´
နာမည်ကြီး
` အ ရ န် လူ ´
ညီစိမ်း
` ဿ ´
နာမည်ကြီး
` အ ရ န် လူ ´
ညီစိမ်း
ရှင်ကွဲ
ပြီးဆုံးသွားပါပြီ ။
အားလုံးပြီးဆုံးသွားပါပြီ တဲ့
ဒီလိုဆိုမှတော့ .....
ဖုတ်ဖက်ခါထပြီး ပြန်ကြရုံပေါ့ ။
ပြောချင်တာက ဒီလိုဗျ ။
2037ST2809'
နံပါတ်စဉ်တချို့ ရေတွက်လို့ မဆုံးခင်မှာပဲ
ကမ္ဘာတခြမ်းက စာတန်းထိုးပြီး
ခရမ်းရောင်တောအုပ်ထဲကနေ ပြတ် ကျသွားတယ် ။
ခြေရာကောက်မလို့ အစရှာနေတုန်း
အနံ့ခံဖို့ အစရှာနေတုန်း
ကံကောင်းထောက်မစွာ .....
မဟုတ်သေးဘူး ။
မိုးတွေ ရွာလာပြန်ပြီ ။
ဟော ..... ကြည့်ဦး ။
လူရှင်းရင် ရောဂါက ဖောက်လာ ။
ကမ္ဘာတခြမ်းနဲ့ ပြက္ခဒိန်တခြမ်း ထားခဲ့ပြီး
ကမ္ဘာတခြမ်းနဲ့ အသက်တစ်ဝက် ပြန်ယူသွားတယ် ။
ဖြစ်ချင်သလိုသာ ဖြစ်စေတော့ ။
အခု ..... နောက် ..... နောင် .....
( တစ်တောလုံးကို တစ်ရောင်တည်း ညီအောင် ထွန်းပြီးမှ
ကြွေ ..... ကြွေ ....... ကျ )
ပြီးသွားပြီ ဆိုမှတော့ နှုတ်ဆက်လိုက်ကြရရုံ ။
ညီစိမ်း
ဒီကဗျာလေးက ကျွန်တော့်သူငယ်ချင်း ရုပ်သေး အတွက် အမှတ်တရ ခံစားပြီးတော့ ရေးပေးထားတဲ့ ကဗျာလေးဖြစ်ပါတယ် ။
ဒီကဗျာလေးက ကျွန်တော့ သူငယ်ချင်းများဖြစ်ကြတဲ့
ရုပ်သေး နဲ့ မောင်မိုးချို တို့က ကျွန်တော့်အတွက် အမှတ်တရ
ခံစားဖန်တီးပေးခဲ့ကြတဲ့ ကဗျာလေးဖြစ်ပါတယ် ။
ညီစိမ်း
“၀ဋ်” အကြီးကြီး လည်တယ် ( ၂ )
“အ” နေတဲ့ ခွေးတစ်ကောင်က
ဒဏ်ရာကို လျှာနဲ့ သပ်သလိုမျိုး
ကိုယ့်ရင်ဘတ်ကိုယ် ပြန်စမ်းမိတိုင်း “မော” တယ် ။
ညီစိမ်း
“၀ဋ်” အကြီးကြီး လည်တယ် ။
ပင်လယ်ထဲရောက်ပြီး
မိုးရေ ငတ်နေသလိုမျိုး ၊
သေရမှာတောင် “မေ့” တယ် ။
ညီစိမ်း
လက်လှမ်းမှီသလို အလိပ်လိုက်
ဖွင့်ထားတဲ့ ကောင်းကင်မှာ
ည ကို ခန်းလုံးပြည့် တပ်ဆင်
စားပွဲစွန်းပေါ်က မီးအိမ်လေးတောင်
“ မှောင် ”
အမြဲတမ်းရပ်နေတဲ့ လက်ပတ်နာရီနဲ့
ရက်မပြောင်းတော့တဲ့ အိတ်ဆောင်ပြက္ခဒိန်
မကြည့်ဖြစ်တော့တာ ( မကြည့်ဝံ့တော့တာ )
အတော်အတန်ကို ကြာခဲ့ပြီ ။
အင်္ကျီအိပ်ကပ်ထဲက
တဆစ်ဆစ် “ အောင့် ” တယ် ။
ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက
စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။
“ လ ကလည်း သူ့အရိပ်သူခို
ည ကလည်း သူ့အရိပ်သူခို
အရိပ်တစ်ခု ငတ်တယ်လို့
ညနေခင်းက ပြောတယ် ။
ရွှန်းလက်တောက်ပတဲ့ ကြယ်တစ်စင်း ငတ်တယ်လို့
ညနေခင်းက ပြောတယ် ။
ငါ့အရိပ်ကိုတော့ နွေပူပူကျဲမှာ
ထီးဖွင့်နေတုန်း အခိုးခံလိုက်ရတယ် ။ ”
အဲ့ဒီနေ့က
ငါ တစ်ယောက်တည်းကွက်ပြီး
ပြက္ခဒိန်တွေ “ မှား ”
နေနာရီလေးကပြောတယ် ။
“ ညနေ ၅ နာရီ ထိုးပြီ ” တဲ့
ညတွေ ခါးတယ် ။
ရင်ဘတ်တစ်ခြမ်း ငတ်တယ် ။
ညီစိမ်း
မနိုင်ဝန်ထမ်းထားရတဲ့ ပြယုဂ်တွေ
ကျွန်တော့် ပြတိုက်လေးနဲ့တောင်
ကောင်းကောင်း မဆန့်ရှာတော့ဘူး ။
အားပေးဖော်ဆိုလို့ ငယ်ငယ်လေးထဲက
မပျောက်ရှအောင် သိမ်းဆည်းထားခဲ့တဲ့
ပြဒါးကြွေကြည့်မှန်လေး တစ်ချပ်ပဲ ရှိတော့တယ် ။
ရင်ဘတ်မှာ တယုတယ ချိတ်ဆွဲဖူးတဲ့
ဖြူပြာကြား လက်ကိုင်ပုဝါလေး ၊
ခုတော့လည်း ..... ရောင်စုံ အမာရွတ်တွေနဲ့
နွမ်း ..... လျ ..... မွ ..... ကြေ ..... နေရှာပြီ ။
စိတ်ချလက်ချထားခဲ့တဲ့ ၇ နှစ်စာ မှတ်တမ်းမှာ
ဆေးစက်တွေ ၊ ဒဏ်ချက်တွေ ၊ မျက်ရည်တွေနဲ့
အရင်ကလို မစိမ်းလန်းတော့ဘူး ။
စာရွက်လှန်သလိုသာ ပြန်လှန်လို့ရကြေးဆို
သော့ပေါက်ထဲ ကျပျောက်သွားတဲ့
ကျွန်တော့် ရှေးဟောင်းနာရီလက်တံလေး ၊
ရေးလက်စ ခွေးတံဆိပ် ခဲတံလေး ၊
ခေါက်ထားတဲ့ ဗလာစာအုပ်ဟောင်းလေး ၊
စာရေးစားပွဲအိုလေးပေါ်မှာ ပြန်ထားထားချင်တယ် ။
ပြန်ထားချင်ရုံ သက်သက်ပါပဲ ။
မီးပူမတိုက်ရသေးတဲ့ ဖယောင်းသွင်းရုပ်လုံးကြွတွေ ၊
ပုံစံမှားနေတဲ့ အသက်ရှူပုံတွေ ၊
လမ်းမပေါ်ရောက်နေတဲ့ မျက်ခုံးစင်္ကြံတွေ ၊
သွား ၊ သွား ချင်းပွတ်ကြွတ်သံတွေ ကြားမှာပဲ
ဝင်းခနဲ အငွေ့ပျံခဲ့ရတယ် ။
လျော့ရဲရဲ ခိုင်မြဲတဲ့ လက်အစုံကြားမှာ
လူလားမြောက်ခဲ့တဲ့ ကျွန်တော်
ခေတ်ပေါ် မျက်နှာဖုံးတွေကြားမှာ
ရှေ့ မတိုးသာ နောက်မဆုတ်သာနဲ့ပေါ့ ။
မီးတောက်တဖက် ၊ ရေစင်တဖက်
ကမ်းလှမ်းလာတဲ့ ခပ်ကြမ်းကြမ်းလက်တွေ
ကျွန်တော်ဖမ်းဆုပ်မိတာ
ဓားဦးလား ၊ ဓားနှောင့်လား
မကွဲပြားတော့ဘူး ။
ကောက်ရိုးတွေ ၊ ထိုးဝါးတွေ အလယ်မှာ
ကျွန်တော် မျက်စိမှုန်နေရပြီ ။
ဖုန်အထပ်ထပ်နဲ့ ကတ္တီပါဖိနပ်လေး
မြေတွေတိုက်စားလို့ သဲကြိုးတွေပြုတ်ထွက်
ကျွန်တော်လည်း .....
ခြေဗလာနဲ့ လမ်းလျှောက်တတ်အောင် ကျင့်နေရပေါ့ ။
လမ်းလျှောက်ခါစ ကျွန်တော် ၊
လမ်းပျောက်ခါစ ကျွန်တော် ၊
လူချင်းတူပေမယ့်
မူချင်းတော့ ကွဲခဲ့ ၊
ကျွန်တော် အရင်ကလို မပျော်မွေ့တော့ဘူး ။
လောကဓံတွေ ..... .....
မညှာမတာ နင်းခြေလိုက်ကြတာ
ကုန်းကောက်စရာဆိုလို့ ခြေထောက်အောက်က
အရိပ်လေးတောင် တွန့်လိမ်နေပြီ ။
ဒိုင်ခွက် ပြုတ်ထွက်နေတဲ့
ကျွန်တော့် နှိုးစက်နာရီအိုလေး ၊
အသံမြည်အောင်လဲ မနှိုးတတ်တော့ .....
တော်တော်ကြာခဲ့ပြီ ။
အနီရောင်ဖဲသားနဲ့ ခေါင်းအုံးစွပ်လေး
ခုတော့လည်း ချေးညှော်အထပ်ထပ်နဲ့
တခါထက်မက ချော်လဲ ၊
မေ့မေ့ပျောက်ပျောက် ရှိမယ်ကြံတိုင်း
မေ့မေ့ပျောက်ပျောက် ..... ..... ......
..... ..... ..... ..... ရှိမယ်ကြံလိုက်တိုင်း ။
မိုးရာသီဖက်ရှင်နဲ့ မရင်းနှီးသေးခင်
ခေါင်းကိုလဲ လုံအောင် မခြုံနိုင်ခဲ့ ၊
ညာဘက်ခြေမလေးတောင်
ခလုတ်တိုက်ဖန်များလို့
ခြေသည်းပြည့်ပြည့် မ၀တ်ရတာကြာလှပေါ့ .....
သုညတစ်လုံးကိုတောင် လိပ်ပတ်လည်အောင်
မကြည့်တတ်သေးတဲ့ ကျွန်တော်
အရွယ်ရောက်ပြန်တော့လည်း
ဘယ်ဘက်ရင်အုံမှာ အမှန်ခြစ်တစ်ခုစာလေးတောင်
ခြေချစရာနေရာလွတ် မကျန်တော့ဘူး ။
ဘောင်းဘီထဲ ထိုးထိုးထည့်ထားတတ်တဲ့
ဝတ်လက်စ မီးခိုးရောင် အင်္ကျီလေး
နွေခေါင်ခေါင်မှာ လမ်းတွေခြောက်သွေ့လို့
ပက်ကြားအက်တွေထဲ ပြုတ်ပြုတ်ကျ ၊
လက်မောင်းတစ်ဖက်တောင် ချုပ်ရိုးပြည်နေပြီ ။
လက်ဆုပ်လက်ကိုင် ပြစရာမရှိလို့
မှောက်ရက်ချထားတဲ့ လက်ဖ၀ါးကိုမှ
ပိုင်စိုးပိုင်နင်းနဲ့ ဆွဲယူလှန်လှော
ကြည့်ချင်ကြတဲ့ လူတွေအလယ်မှာ
ကျွန်တော်တယောက်တည်း ....
မှောက်ချည်တခါ လှန်ချည်တခါနဲ့
လက်တွေတောင် ကျိုးကြေမွခဲ့ရတာလဲ အခါပေါင်းမနည်း ။
လက်မှာပတ်ထားတဲ့ လက်ပတ်လေးတောင်
လည်ပတ်ရဖန်များလို့ အဖျားအနားတွေဖွာ
အရောင်တွေလွင့်နဲ့ မသေသပ်တော့ဘူး ။
ဒါပေမယ့် ..... ခုထက်ထိတော့
တမြတ်တနိုး ၀တ်ဆင်ထားဆဲပါပဲ ။
ရာသီဥတုနဲ့ မဆိုင်အောင် ခြုံအိပ်ဖူးတဲ့
ကွက်ကျား ကွက်ကျား ဆက်ထည်ခြုံစောင်လေး
အပေါက်အပြဲတွေ ဗလပွနဲ့
ပြန်ဖာထေးပေးဖို့ အပ်ဖျားတွေတောင်
ခိုက်ခိုက်တုန်နေရပြီ ။
ကျွန်တော်ကိုယ်တိုင်တောင် မ၀ံ့ရဲတော့ဘူး ။
ခါးထစ်ခွင်ထက်မှာ ရယ်မောပျော်ရွှင်တတ်တဲ့
ကျွန်တော် ..... ..... ..... ..... .....
ခါးစောင်းတင်ဖို့ ကြိုးစားနေတဲ့
ကျွန်တော် ..... ..... ..... ..... .....
တခါတခါ လမ်းမြင်ရက်နဲ့
လမ်းပျောက်နေတတ်တယ် ။
မိုးခါးရေဆိုတာကိုလည်း
တစ်ကျိုက် ၊ နှစ်ကျိုက်လောက်တော့
သောက်သုံးခဲ့ဖူးပါရဲ့  ။
ခွက်ထဲက လက်ကျန်အရည်တချို့ 
ခါးမယ် ၊ ချိုမယ် ။
ကျွန်တော် မသေချာဘူး ။
ငှဲ့လိုက်ကတည်းက မျက်နှာလွှဲပြီး
လက်လှမ်းမှီသလို ငှဲ့ခဲ့မိတာ .....
( မိုးခါးရေတော့ ထပ်မဖြစ်လောက်ပါဘူး )
ထွေရာလေးပါး စကားဝိုင်းတွေထဲကနေ
အမှတ်တမဲ့ ခုန်ခုန်ထွက်လာတတ်တဲ့
ကိန်းဂဏန်း အပေါင်းအနှုတ်တျွေ
အခန့်မသင့်တိုင်း ကျွန်တော့်ကို
ကိုက်ခဲလိုက်ကြတာ .....
ကြာလာတော့ စကားသံကြားတာတောင်
ခြောက်ခြားတတ်လာပြီ ။
ကျောပိုးအိတ်ဟောင်းလေးထဲမှာ
ထိုးသိပ်ခြေမွပြီး ထည့်ထားရတဲ့
အမာရွတ်တွေ ..... အမာရွတ်တွေလေ
ကျောင်းစာအုပ်တွေထားဖို့ နေရာလေးတောင်
မရှိရှာတော့ဘူး ။
ဒီလိုပါပဲ ။
အခုတော့လည်း
ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း
ကိုယ့်ခြေထောက်တွေကိုယ် ပြန်ထူထားရ
နာလန်ထစ ဦးနှောက်က
ဓာတ်စာတွေ အန်ထုတ်ရင်း
ကိုယ့်ကိုကိုယ် ပြန်ချည်ထားရ
နောက်ဆုံးတော့လည်း
ဒီလိုပါပဲ ။
ညီစိမ်း
ကျွန်တော့်အဘွား ၇ နှစ်ပြည့် အမှတ်တရ ကဗျာလေးပါဗျာ ။
အမေ့ကို ပြောပေးပါ အဖေ
သား ပြောစရာရှိတယ် အဖေ ။
အဘွားလေ သားကို လမ်းခုလတ်မှာ
ပစ်ချထားခဲ့ပြီး ထွက်သွားတယ် ။
လှမ်းခေါ်တာတောင် လှည့်မကြည့်ဘူး ။
သား ကို သား ကောင်းကောင်းသိတာပေါ့ ။
သားခြေထောက်တွေလေ ..... .....
သူတို့တွေက လမ်းကောင်းကောင်းမလျှောက်တတ်သေးဘူး အဖေ ရ ။
အမေ့လက်ထဲမှာ
ကောင်လေးတစ်ယောက် ချီထားတယ် အဖေ ။
သား အကိုထင်တယ် ။
သားထက် အသက်ပိုကြီးလို့နဲ့ တူတယ်နော် ။
အမေ့လက်ပေါ်မှာ မြူးလို့ ပျော်လို့ ။
သူ့မှာလည်း အညိုအမဲတွေ အများကြီးပဲ အဖေ ။
ဆေးလေး ဘာလေး လိမ်းပေးလိုက်ပါဦး ။
နောက်ထပ်တစ်ခါ ချော်ချက်ကျနေပါဦးမယ် ။
ဟိုရှေ့ နားမှာ
ထမင်းရည်ပူစည်း တားထားတာ
လှမ်းမြင်နေရတယ် အဖေ ။
သား မဖြတ်ရဲဘူး ။
ထမင်းရည်ပူစည်းကို ကျော်တယ်ဆိုရုံလေး
ခဏလောက်တော့ ချီသွားပေးပါ အဖေ ။
ကျော်တယ်ဆိုရုံလေးပါ ။
သားအခန်းလေးက မှောင်လွန်း ကျဉ်းလွန်းတယ် အဖေ ။
ပြတင်းပေါက်တွေ ပိတ်ပိတ်ထားတာ
အသက်ရှူလို့လဲ မ၀ဘူး ။
ချက် ( ဂျက် ) တွေ လာဖြုတ်ပေးပါလား အဖေ ။
လောကကြီး ဘယ်လောက်စိမ်းလန်းတယ် ဆိုတာ
ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးချင်လွန်းလို့ပါ ။
သား ဟိုနေ့ နေ့လည်က အိပ်ပျော်သွားရင်း
အိမ်မက်တစ်ခု မက်တယ် အဖေ ။
အိပ်မက်ထဲမှာ သားက
သား ကို သား ထိုင်ခုံလုပ်ပြီး ပြန်ထိုင်နေတယ် ။
ကွင်းပြင်ကြီးထဲမှာ နေကလည်း အရမ်းပူတယ် အဖေရာ ။
မြက်ပင်တွေ ချုံပုတ်တွေတောင် မရှိဘူး ။
ထိုင်ခုံဖြစ်နေတဲ့ သားရော ၊ ထိုင်နေတဲ့ သားရော
ညောင်းလဲ ညောင်းတယ် ၊ ရေလဲ အရမ်းငတ်တယ်အဖေ ။
သား အိပ်မက်က လန့်မနိုးပါဘူး ။
သား ကို သား ရေတစ်ခွက်လုပ်ပြီး ပြန်သောက်လိုက်တယ် ။
အိပ်ရာဝင်ပုံပြင်တွေ ၊ သားချော့တေးတွေ
နားမထောင်ရတာ ကြာလှပြီ အဖေ ။
ထမင်းဝိုင်းမှာလည်း ဇွန်းသံ ခက်ရင်းသံတွေ
ငြိမ်နေတာလည်း ကြာလှပြီ ။
တော်တော်ကြာခဲ့ပါပြီ အဖေ ။
တော်တော်လေးကို ကြာခဲ့ပါပြီ ။
သား အပြင်ကိုရောက်နေတာလဲ တော်တော်ကြာပါပြီ ။
သား တနေ့ အပြင်ကပြန်လာတော့
ရောင်စုံမိုးပျံပူဖောင်းလေးတွေ ၀ယ်လာတယ် အဖေ ။
လက်ထဲမှာ ကိုင်လာတုန်း
သူတို့က ရုန်းကန်နေတာနဲ့ လွှတ်ပေးလိုက်တယ် ။
မိုးပေါ်ကို ... တကွဲတပြားနဲ့ တက်သွားလိုက်ကြတာ
သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ အဖေရာ ။
ကြည့်နေရင်းကနေ တဖြည်းဖြည်း မြင့်သွား .....
နောက်ဆုံး သားတောင် မမြင်ရတော့ဘူး ။
သူတို့ရော သားကို မြင်ရပါ့မလားဟင် ။
မနေ့ညကလဲ ကြယ်ကြွေကျတာ တွေ့တယ် အဖေ ။
ကြယ်ကြွေနေတုန်း ဆုတောင်းရင် ပြည့်တယ်ဆို ။
ဟုတ်လား အဖေ ။
သား ဆုတစ်ခုတော့ တောင်းလိုက်တယ် ။
ဘယ်တော့လောက်မှ ပြည့်မလဲ မသိဘူး အဖေရာ ။
တောင်းသာတောင်းလိုက်တယ် ။
ကြယ်ကြွေတာကို သားမကြိုက်ဘူး အဖေ ။
သားက ရောင်စုံမိုးပျံပူဖောင်းလေးတွေလို
ဖြည်းဖြည်းအေးအေးလေးနဲ့ တက်သွား
ဒါမှမဟုတ် ကျလာတာကိုပဲ ကြိုက်တာ
သူတို့က အရမ်းမြန်လွန်းတယ် အဖေရာ ။
သား မကြိုက်ဘူး ။
သား ပြောစရာရှိသေးတယ် အဖေ ။
သား မှားတယ်ဆိုတာကို
သား အဖေ့ကို ပြောရဦးမယ် အဖေ ။
သား ကို သား လူဖြစ်ပြီ ထင်တာလဲ မှားတယ် ။
သား အပြင်ကို ရောက်နေတယ် ထင်တာလဲ မှားတယ် ။
သား မှားပါတယ် ။
သား မှားခဲ့ပါတယ် အဖေ ။
သားမှန်တယ် ထင်ခဲ့တာတွေလည်း မှားခဲ့ပါတယ် ။
ဒါပေမယ့် အမေ့ကိုလည်း ပြောပေးပါဦး အဖေ ။
အကို့ကို ညာဘက်လက်နဲ့ ချီထားပြီး
သားကိုလည်း ဘယ်ဘက်လက်နဲ့ ချီထားပေးပါလို့
သား ခြေထောက်တွေ
လမ်းကောင်းကောင်း မလျှောက်တတ်သေးဖူးဆိုတာ
သား ကောင်းကောင်းသိတယ် အဖေ ။
သား ကောင်းကောင်းကြီး သိလို့ပါ ။
သားကိုလည်း ချီထားပေးဖို့
အမေ့ကို ပြောပေးပါဦး အဖေ ။
ညီစိမ်း
ပြတင်းပေါက်
လေးထောင့်ဆန်ဆန် ထောင့်မှန်စတုဂံပါပဲ ။
အေးစက်စက်ညတွေမှာ လက်နှစ်ဘက်ကိုပိုက်ပြီး
ချည်တိုင်လေးကို ခပ်တင်းတင်းထွေးပွေ့ထားချင်
နေမင်းလက်ချောင်းတွေနဲ့ ထိတွေ့မိပြန်ရင်လည်း
ကျန်နေတဲ့ကမ္ဘာတစ်ခြမ်းကို ပုခုံးပေါ်ထမ်းတင်ထားချင်သေး
ဝေခွဲလို့ မရလိုက်ပုံများ ..... .....
အသားထဲကို သံချွန်တွေ ရိုက်သွင်းပြီး
ချုပ်နှောင်ခံထားရတာကိုတောင် မေ့လို့ ။
ညီစိမ်း
“ တီ ..... တီ ..... တီ ..... ”
“ ဟယ်လို ..... ”
“ ဟယ်လို ..... ”
“ ..... ..... ..... ..... ..... ..... ”
ငါ ..... အပေါ်နှုတ်ခမ်းကို
ခပ်နာနာလေး ဖိကိုက်လိုက်တယ် ။
ကမ္ဘားး 360ံ - 23½ံ = 336½ံ
အချိန်းး ၂၀း၀၃း၅၂
၅၂း၄၈
၅၂း၄၉
၅၂း၅၀
.... ....
.... ....
၅၂း၆၀
၅၂း၆၁
.... ....
.... ....
၅၂း၇၅
၅၂း၇၆
.... ....
.... ....
၅၂း၈၅
.... ....
.... ....
၅၂း၉၇
.... ....
၅၂း၉၈
.... ....
.... ....
၅၂း၉၉
.... ....
.... ....
.... ....
၅၃း၀၀
၂၀း၀၃း၅၃
.... .... ....
.... .... ....
“ ချပ် ..... ”
နေရားး အမျိုးအမည်မသိ
ဆွဲအားမဲ့ လေဟာပြင်တစ်နေရာ ။
“ ..... ..... ..... ..... ..... ..... ”
“ တူ ..... တူ ..... တူ ..... ”
“ ..... ..... ..... ..... ..... ..... ”
အသက်ရှူသံသဲ့သဲ့နဲ့အတူ
သက်ပြင်းတွေကို ရုပ်ဖျက်ပြီး
အန်ထုတ်လိုက်တယ် ။ ။
ဒီကဗျာလေးကို ကျနော့သူငယ်ချင်း ဗလာ ( နေနှင်းစက် )
ဝိုင်းဝန်းကူညီခံစားပုံဖော်ပေးထားတာပါ ခင်ဗျာ
၁ ။ ဘောင်တစ်ခု၏ အပြင်ဘက် ...
နှင်းဆီဝါ ။ ငုဝါ ။
စကားဝါ ။ ပိတောက် ။
၂ ။ ကမ်းလှမ်းမမှီခြင်းရဲ့  ခပ်ခြားခြား ...
လက်ကမ်းကြောငြာ ။ အချက်ပြဆိုင်းဘုတ် ။
အငှားယာဉ် ။ အ၀ါရောင်လမ်းညွှန်စာအုပ် ။
မီးပွိုင့်သင်္ကေတ ။ ဘတ်စ်ကားယာဉ်ကြော ။
၃ ။ နေ့စဉ်မှတ်တမ်းရဲ့  စာမျက်နှာ ...
ဘီး ။ ခေါက်ထီး ။ လက်ကိုင်ပုဝါ ။
အင်္ကျီ။ မိန်းမကိုင်အိတ် ။ ဒေါက်မြင့်ဖိနပ် ။
ယောင်္ကျားသုံးရေမွှေး ။ ပုံသွင်းကော်ရည် ။
ကိုယ်တိုက်ဆပ်ပြာ ။
၎ ။ ဘောင်တစ်ခု၏အတွင်းဘက် ...
ကြောင် ။ ပန်းချီကား ။ သနပ်ခါး ။
ဝက်ဝံရုပ် ။ ဖဲကြိုး ။ ထောပတ်ခဲ ။
၅ ။ သော့ခတ်ထားသော ၀န်းထိမျဉ်း ...
မျက်နှာကျက် ။ ခန်းစီး ။ လိုက်ကာ ။
ထိုင်ခုံတန်း ။ တစ်ရူးစက္ကူ ။ အနာကျက်ဆေး ။
၆ ။ ကဗျာတစ်ပိုဒ်ရဲ့  ကိုယ်လက်အင်္ဂါ ...
ပန်းသီး ။ သစ်ရွက်ကြွေ ။. ဖရဲသီးစိတ် ။
ဆိုးဆေး ။ အိမ်သုတ်ဆေး ။ ဒိုင်ယာရီ ။
ဓာတ်ပုံအယ်လ်ဘမ် ။ ဘောပင် ။
၇ ။ ဘောင် ...
ကျွတ်ကျွတ်အိတ် ။ အရက် ။ အချိုရည် ။
မီးတောက် ။ မီးသီး ။ မီးခြစ် ။
စွန့်ပြစ်ပစ္စည်း ။ ဗီးနပ်စ် ။
၈ ။ ၁၆ မျက်နှာ တိုးယိုပေါက်ကမ္ဘာ ...
မြင့်မိုးအောင် ။
သစ္စာနီ ။
Andrew Stanton ။
..... ..... ..... ..... .....
..... ..... ..... ..... .....
ဒုတိယ မဟုတ်တဲ့ “ငါ” ။
အရောင်သေအာရုံ နှင့် ကွပ်လင့်သော ...
..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... .....
..... ..... ..... ..... ..... ..... ..... ..... .....
“ အ၀ါရောင် ငါးတစ်ကောင် ” ။ ။
ဒီကဗျာလေးကို သူငယ်ချင်း ဗလာ ( နေနှင်းစက် ) ပါဝင်ကူညီလျှောက်ကူးပေးထားတာပါခင်ဗျာ ...း)
ဒီလိုနဲ့ပဲ စခဲ့တာပေါ့ ။
လက်ကျန်ထွက်သက်အနေနဲ့
ကောင်းကင်ထဲကနေ တစ်ချက်လက်ပြပြီး
အသံမပေးပဲ ပြုတ်ကျသွားခဲ့တယ် ။
မျက်စိတစ်မှိတ်ပါပဲ ။
ညက လျပ်ပြက်ပြရလောက်အောင်
တိမ်မထူခဲ့ဘူး ။
အယောင်ယောင် အမှားမှားနဲ့
ထပ်ခါတလဲလဲ ထပ်မှားပြန်တယ် ။
နာရီသံကြောက်လို့ ထွက်ပြေးနေမိရာကနေ
နောက်ကြောင်းပြန်အလှည့် ....
ငါ့ကို ငါတောင် မျက်နှာချင်း မဆိုင်ဝံ့တော့ .....
ပုံပေါ်တယ်ဆိုရုံလေး ဆွဲပြထားတဲ့
ကြေမွမွ အပိုင်းအစတွေကို
လက်နဲ့ သိမ်းကြုံးပြီး ပုံဖော်ကြည့်တယ် ။
ငါ့ကောင်းကင်မှာ
ဘာငှက်မှ မပျံတော့ဘူး ။
အားလုံး ...... တိတ် ..... ဆိတ် .....
အခန်းငယ် .... ထောင့်တနေရာ .....
လှေကားရင်း ...... မျက်နှာကျက် .....
“ ခွမ်း ”
တွန့်ကြေနေတဲ့ အိပ်ရာခင်း
အချက်ပေးခေါင်းလောင်းသံ
ဒီည ..... အိပ်မပျော်ဘူး ။
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားရတုန်းကတောင်
ဒီလောက်ထိ မခြောက်ခြားခဲ့ဘူး ။
ခြေရာထားသွားတယ် ၊ ခြေရာခြားသွားတယ် ။
ပြုတ်ကျကျန်ခဲ့သော ၊ ဖြုတ်ချချန်ခဲ့သော ။
လွတ်ကျသွားတဲ့ ၊ လွှတ်ချထားတဲ့ ။
ငါ ..... ဝေး .... ဝေး .....
အရိပ်တွေနဲ့ ခပ်ဝေးဝေးမှာ .....
ရုပ်တု ..... အရုပ်တု .....
မဟုတ်သေးဘူး ။
လက်ကျန်မရှိတော့တဲ့ မြည်သံသဲ့သဲ့ကို
ကော်နဲ့ကပ်ပြီး ရှင်သန်ထမြောက်အောင်
............... ..............
လက်ဖျောက်တစ်ချက်တီးကြည့်
ကန့်လန့်ကာအဖွင့်မှာပဲ
ဘယ်သူမှ မသိအောင်
ဝုန်းခနဲ ပြိုပျက်ကျ ။
မည်းနက်အေးစက်နေတဲ့ ညဟောင်းထဲမှာ
ခုတော့လည်း ..... ငါ ..... တစ်ယောက်တည်း ။
ငါ့ကိုသယ်ပိုးထားရတဲ့ ခြေထောက်တွေတောင်
အသံတိတ်ကုန်ကြပြီ ။
ခုတော့လည်း ..... ငါ ..... တစ်ယောက်တည်း ။
ငါ ..... တစ်ယောက်တည်း .....
တစ် ... ယောက် ... တည်း ...
ညက .... ည ... ပီသအောင်
အိပ်မောကျနေတယ် ။
ငါ ..... ..... .....
ဒီည ..... အိပ်မပျော်ဘူး ။
Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Morbi dapibus dolor sit amet metus suscipit iaculis. Quisque at nulla eu elit adipiscing tempor.