“ ရင်ဘတ်တစ်ခင်းစာ ပျိုးခဲ့တဲ့
နှင်းဆီရိုင်း နီလွင်လွင်တို့
ဝင်းတလှည့် ... ချင်းတလှည့် ...
ငွားငွားစွင့် ၀င့်နေကြတယ် ” ။
လရောင်မသန်းတဲ့ နယ်ခြားတဖက်မှာ
အမှည့်လွန်ပန်းသီးတစ်လုံး ပိုက်ထွေးပြီး
နာရီလက်တံနှင့် ဆန့်ကျင်ဘက်လားရာဆီသို့
ငါ၏ .......
ပိုးနွယ်မျှင်များ တအိအိ ရစ်နွယ် .....
ဝေါဟာရတွေ ကုန်ဆုံးအောင်
အဖြူရောင်မာယာ တစွန်းတစ
အက်ကြောင်း အထပ်ထပ်
ကွဲကြေကျိုးပျက်နေတဲ့ ဒီကောင့်ရင်ဘတ်
အဆုံးစွန်ထိ လှစ်ဟပြလိုက်ချင်စမ်းပါရဲ့  ။
“ မိခေတ်သုန် ... ”
နင်စိုက်တဲ့တောမှာ
ငါ့ရဲ့  ရှတတ အငွေ့အသက်တို့
တစိမ့်စိမ့် ချဉ်းနင်းပျော်ဝင် ....
အလင်းကျိန်ဆိုပွဲအတွက်
ကွဲအက်အက် ညနေအို
အစမပျိုးသေးခင်ထိ
တခေါက်ပြီး တခေါက်
လောင်းကြေးထပ်ကြမယ် ။
နင့်ရဲ့  ပွင့်ချပ်လွှာတွေကြား
ကိုယ့်လက်ကိုယ် ယှက်ပြီး
ကိုယ့်ကိုကိုယ် ဖွက်ခဲ့တယ် ။
“ မိခေတ်သုန် ...
ငါ ... ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ဝါကျတစ်ကြောင်းကြောင့်
နင် ... ပန်ထားတဲ့ လရောင်တို့
လင်းချင်းဝင်းပစေ ”
နင့်ရဲ့  သုံးရောင်ခြယ်ပိတ်ကားထက်မှာ
စုတ်ချက်တစ်ချက် ၊
ရုပ်လုံးသွင်းခံထားရတဲ့ ကျားတစ်ကောင်
ဖြစ်မှန်းမသိ ....... ဖြစ်ခဲ့ရတယ် ။
“ မိခေတ်သုန် ... ”
ငါ ... ဗဟိုပြုပြီး လှည့်ပတ်နေတဲ့
အလွမ်းနက်နက်တွေ ကြားမှာပဲ
ကိုယ့်ကိုကိုယ် ခေါက်ရိုးချိုး
မျဉ်းပြိုင်တစ်စုံရဲ့  ကစုန်စိုင်းသံကို
တဖက်စောင်းနင်း အသက်သွင်းမိပြန်ရဲ့  ။
မရဏဖွားရေးတဲ့
လူမသိ သူမသိ အရောင်သေပုရပိုဒ်မှာ
ပညတ်ချက်တွေ ကင်းမဲ့ ၊
ကွန်ယက်တွေ အဆုပ်လိုက် အဆုပ်လိုက် ကွာကျ ၊
ရိုးတိုးရိတ်တိတ် ပြိုးပြက်ခဲ့တဲ့ ငါ့နီတိ
တိမ်တွေပြေးတဲ့ ကြယ်ဝေးတမ်းချင်းနဲ့
ကကြိုးတွေ ၀ှက်ပြီး ပြန်လာလှည့်ပါ ။ ။
“ မိခေတ်သုန် ...
ပြုံးယောင်သန်းမျက်နှာဖုံးတွေရဲ့  ဟိုတစ်ဖက်ကမ်း
ဟင်းလင်းပြင် ဆုံချက်တချို့ ရဲ့  အလယ်မှာ
ကိုယ့်ကိုကိုယ် ချောင်ပိတ်မိနေတယ် ..... ဆိုတာ ” ။ ။