လက်လှမ်းမှီသလို အလိပ်လိုက်
ဖွင့်ထားတဲ့ ကောင်းကင်မှာ
ည ကို ခန်းလုံးပြည့် တပ်ဆင်
စားပွဲစွန်းပေါ်က မီးအိမ်လေးတောင်
“ မှောင် ”
အမြဲတမ်းရပ်နေတဲ့ လက်ပတ်နာရီနဲ့
ရက်မပြောင်းတော့တဲ့ အိတ်ဆောင်ပြက္ခဒိန်
မကြည့်ဖြစ်တော့တာ ( မကြည့်ဝံ့တော့တာ )
အတော်အတန်ကို ကြာခဲ့ပြီ ။
အင်္ကျီအိပ်ကပ်ထဲက
တဆစ်ဆစ် “ အောင့် ” တယ် ။
ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက
စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။
“ လ ကလည်း သူ့အရိပ်သူခို
ည ကလည်း သူ့အရိပ်သူခို
အရိပ်တစ်ခု ငတ်တယ်လို့
ညနေခင်းက ပြောတယ် ။
ရွှန်းလက်တောက်ပတဲ့ ကြယ်တစ်စင်း ငတ်တယ်လို့
ညနေခင်းက ပြောတယ် ။
ငါ့အရိပ်ကိုတော့ နွေပူပူကျဲမှာ
ထီးဖွင့်နေတုန်း အခိုးခံလိုက်ရတယ် ။ ”
အဲ့ဒီနေ့က
ငါ တစ်ယောက်တည်းကွက်ပြီး
ပြက္ခဒိန်တွေ “ မှား ”
နေနာရီလေးကပြောတယ် ။
“ ညနေ ၅ နာရီ ထိုးပြီ ” တဲ့
ညတွေ ခါးတယ် ။
ရင်ဘတ်တစ်ခြမ်း ငတ်တယ် ။
ညီစိမ်း
0 comments:
Post a Comment