မျက်လုံးတွေကို မှိတ်ပစ်လိုက်တယ် ။
ကကြိုးတွေ လုံအောင် ဆင်ပြီး
နင် ..... ငါ့အနား ရောက်လာတယ် ။
ရနံ့တွေ စုံနေအောင် လွှတ်ပြီး
လေထဲမှာ ပျံလွင့်နေတဲ့ နှင်းဆီတွေ .....
အသေအချာပြန်ကြည့်မိတော့မှ
ငါ့ရင်ဘတ်မှာ အမြစ်တွေ ချွတ်ချထားခဲ့မှန်း
သိတော့တယ် ။
ဆူး တွေ
စူး
နစ်
ဝင်
လို့
ပြိုးပြိုးပြက်ပြက် လင်းလင်းပြတတ်တဲ့
ဟိုတကွက် ဒီတစက် အရောင်ကွဲတွေကြား
ပိုးစုန်းကြူးဖြစ်ရတာ
ကိုယ့်ကိုကိုယ် သိမ်ငယ်လွန်းလှတယ် ။
တောင်ပံတွေ စုံအောင် ခင်းပြီး
တတ်သလောက် မှတ်သလောက်
လင်းပြမယ် ..... ......
လင်းပြပါ့မယ် ..... ......
မျက်တောင်မခတ်စတမ်း ကြည့်နေပေါ့ကွယ် ။
နင်သိရဲ့ လား ။
ကြယ်တထပ် လတထပ်
တ၀ုန်းဝုန်းရွာချတာတောင်
ဘာမှမရှိတော့တဲ့ ညမှာ
ငါက ကောင်းကင်ဖြစ်လို့ကောင်းနေတုန်း ။
လင်းနက်တောက်ရှင်းတဲ့ ငါ့ရဲ့ လမ်းမထက်မှာ
နိမိတ်ဆိုးတွေ အခေါက်ခေါက်အခါခါ
ကဆုန်ပေါက်လို့ မြူးနေကြ ၊
ငါ့ကိုငါ လှည့်မကြည့်ဖြစ်တော့ဘူး ။
ခြေထောက်တွေလည်း ဆွံ့အကုန်ပြီ ။
ရေမရောပဲ ခပ်နက်နက်တွေးကြည့်
နင်သိထားတဲ့ ငါ .....
မဟောင်တတ်သေးတာကလွဲလို့
( နင့်အတွက်ဆို )
ခြေလေးဘက် ခိုင်ခိုင်ရပ်ပေးချင်ခဲ့တာ .....
ထောင်ချောက်ကို ဖွင့်ချလိုက်
တလှမ်းချင်း လှမ်းလာမယ် ။
နတ်ဆိုးတထောင် ၀န်းဝိုင်းတားရင်တောင်
ငါ ..... တချက် နောက်မတွန့်ဘူး ။
ငါနဲ့ ၀န်းကျင်တ၀ိုက် မိုးထစ်ချုန်း ရွာတယ် ။
သည်းကြီးမည်းကြီးပေါ့ ။
ဟောင်းနေတဲ့ ဆည်းဆာအိုမှာ
သုညတစ်ကောင် ကမ္ဘာပျက်သွားတယ် ။
နာလန်တောင် မထူနိုင်ရှာတော့ဘူး ။
တစ်ရာသီစာလင်းခဲ့တဲ့ ပွင့်ချပ်လွှာတွေကို
လက်ခုပ်ထဲ ကပျာကယာထည့်
ညိုပြာပြာတိမ်တိုက်တွေကို ခြမစားရအောင်
နင့် ဆူးသွားတွေ လက်စွဲကိုင်လို့
ခပ်ရဲရဲ ကာဖုံးပေးပါရစေ ။
0 comments:
Post a Comment